ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး #ခေါ်ယူမည်မဟုတ် ဟုပြည်ထောင်စုလွှတ်တော်ရုံး သတင်းထုတ်ပြန်
နေပြည်တော်၊ ဇန်နဝါရီလ ၁၂ ရက်။ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တို့ကို ရည်ညွှန်း၍ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အထူးအစည်းအဝေးခေါ်ယူပေးရန် ၁၁-၁-၂၀၂၁ ရက်စွဲပါစာဖြင့ တင်ပြတောင်းဆိုထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ ယနေ့တွင် ပြည်ထောင်စုလွှတ်တော်ရုံးက သတင်းထုတ်ပြန်ရာ အဆိုပါကိုယ်စားလှယ်အချို့ တောင်းဆိုသည့် ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးကိုခေါ်ယူတော့မည် မဟုတ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်ရုံး၏ ထုတ်ပြန်ချက်တွင် ဦးသောင်းအေးအပါအဝင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၆၀ ဦး၊ ပေါင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တို့ကို ရည်ညွှန်း၍ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အထူးအစည်းအဝေးခေါ်ယူပေးရန် ၁၁-၁-၂၀၂၁ ရက်စွဲပါစာဖြင့် တင်ပြတောင်းဆိုထား ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် အထူး၊ အရေးပေါ်
အစည်းအဝေး ခေါ်ယူကျင်းပရေးနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၁၊ ၈၂၊ ၈၃နှင့် ၈၄ တို့တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။
၈၁။ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူမည့် ကိစ္စရပ်များ၊ သဘောတူညီချက် ရယူမည့်ကိစ္စရပ်များ၊ အတည်ပြုချက်ရယူမည့် ကိစ္စရပ်များကို အောက်ပါအတိုင်း ဆောင်ရွက် ရမည် –
(က) ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပဆဲကာလဖြစ်လျှင် ယင်း
အစည်းအဝေး၌ ဆွေးနွေး ဆုံးဖြတ်ရမည်။
( ခ ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပဆဲကာလ မဟုတ်လျှင် အနီးကပ်ဆုံး
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်။
( ဂ ) အများပြည်သူအကျိုးငှာ အလျင်အမြန်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အထူး
အစည်းအဝေး
သို့မဟုတ် အရေးပေါ်အစည်းအဝေးခေါ်ယူ ကျင်းပ၍ ဆွေးနွေး ဆုံးဖြတ်ရမည်။။
၈၂။ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကို
ဖြစ်စေ ကျင်းပရန် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော်နာယကက ခေါ်ယူ ကျင်းပနိုင်သည်။
၈၃။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပပေးရန် နိုင်ငံတော်သမ္မတ က အကြောင်းကြားလျှင်
ပြည်ထောင်စုလွှတ်တော် နာယကသည် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကိုဖြစ်စေ၊
အရေးပေါ်အစည်းအဝေးကိုဖြစ်စေ အမြန်ဆုံးခေါ်ယူ ကျင်းပ ရမည်။
၈၄။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်
စုစုပေါင်းဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက တောင်းဆိုလျှင် ပြည်ထောင်စု
လွှတ်တော်နာယကက အထူးအစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပရမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၃ နှင့် ၈၄ ပါ ပြဋ္ဌာန်းချက်များအရ အထူး၊ အရေးပေါ် အစည်းအဝေးခေါ်ယူကျင်းပပေးရန် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး လေးပုံတစ်ပုံက တောင်းဆိုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၁ ပါ ပြဋ္ဌာန်းချက်များ နှင့် ညီညွတ်ရန်မှာ အဓိကလိုအပ်ချက် ဖြစ်ပါသည်။
တင်ပြစာပါ အထူးအစည်းအဝေးအတွက် အဓိကအကြောင်းပြချက်ကို စိစစ်ရာ တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲဆိုင်ရာ တိုင်ကြား၊ ကန့်ကွက်မှုများအတွက် ပြည်သူ့ ကိုယ်စားလှယ် များနှင့် စုပေါင်းတိုင်ပင်အဖြေရှာ ဆုံးဖြတ်နိုင်ရန်ဟု တွေ့ရှိရပြီး လက်ရှိ လွှတ်တော်သက်တမ်းကိုမှန်ကန်စွာ အဆုံးသတ်ပိတ်သိမ်း၍ သက်တမ်းအသစ် တစ်ခုကို ဥပဒေနှင့်အညီ ညင်သာချောမွေ့စွာ ကူးပြောင်းနိုင်ရန်လည်း တင်ပြထားပါသည်။
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။ အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်။
(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊
( ခ ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့်
အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
( ဂ ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သောကိစ္စရပ်များ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၁ တွင်လည်း အောက်ပါအတိုင်း ပြဋ္ဌာန်း ထားပါသည်။ အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက များသည် အပြီးအပြတ်ဖြစ်စေရမည်။
(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊
( ခ ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့်
အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
(ဂ ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သောကိစ္စရပ်များ။
ထို့အပြင် လက်ရှိအချိန်တွင် နိုင်ငံအတွင်း Covid-19 ကမ္ဘာ့ကူးစက်ရောဂါ ပြန့်နှံ့ဖြစ်ပွား နေဆဲ ဖြစ်ပြီး လွှတ်တော်များ၏ ဒုတိယသက်တမ်းကာလ ရက် ၂၀ ခန့်သာ ကျန်ရှိပါသည်။ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများအရ အထူးအစည်းအဝေးကို အနည်းဆုံး ၁၅ ရက် ကြိုတင် ဖိတ်ကြားရမည်ဖြစ်၍ အစည်းအဝေး ပြုလုပ်ရန် ၃ ရက် ခန့်သာ ရှိနိုင်ပါသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မဖြစ်မနေကျင်းပရန် လိုအပ်သည့် တတိယအကြိမ် လွှတ်တော်များ၏ ပထမပုံမှန် အစည်းအဝေးများ ကိုလည်း၁-၂-၂၀၂၁ ရက်တွင် စတင် ကျင်းပပြုလုပ်ရန် သက်ဆိုင်ရာ ဥပဒေများ နှင့်အညီ၆-၁-၂၀၂၁ ရက်တွင် ခေါ်ယူ ဖိတ်ကြားထားပြီး ဖြစ်ပါသည်။
အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် တင်ပြတောင်းဆိုစာပါ အကြောင်းပြချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒ ပုဒ်မ ၈၁ ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်၊ သဘောတူညီချက်၊ အတည်ပြုချက် ရယူရမည့်ကိစ္စရပ်မဟုတ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၂ နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၁ တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များ သည် အပြီးအပြတ် အတည်ဖြစ်စေရမည် ဟု ပြဋ္ဌာန်းထားသည့်အတွက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ စုပေါင်းတိုင်ပင်
အဖြေရှာဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ခြင်း၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်သို့ တိုင်ကြား ကန့်ကွက်ခြင်းများအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်ခြင်း တို့ကြောင့် ပြည်ထောင်စုလွှတ်တော် အထူး
အစည်းအဝေး ခေါ်ယူကျင်းပပေးရန် မလိုအပ်ပါကြောင်း ပြန်ကြားအပ်ပါသည်။
သို့ပါ၍ အထူးအစည်းအဝေး ခေါ်ယူကျင်းပရန် မရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟူ၍ ဖြစ်သည်။
Credit D Wave
Be First to Comment